Local News

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ပက်တန်းကျေးရွာမှ ထန်းလျက်လုပ်ငန်း

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ထန်းပင်ထန်းတောများ ပေါများစွာရှိရာ မိရိုးဖလာထန်းလျက်လုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသူတွေ ရှိပါသည်။ တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စု၊ ပက်တန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင် ထန်းလျက်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိပါသည်။ ထန်းလျက်ကို ထန်းရည်အချိုဖြင့် ချက်ရကြောင်း သိရပါသည်။
ထန်းပင်ပေါ်မှ ချချချင်း ထန်းရည်အိုး (၇) အိုးမှ (၈) အိုးခန့် ထန်းရည်အချိုများကို သန့်စင်၍ မိုးပြဲဒယ်တစ်လုံးတွင်ထည့်ပြီး မီးပြင်းပြင်းနှင့် ပွက်လာသည်အထိ ကျိုပေးပြီး သာမအောင် မွှေပေးရပါသည်။ တစ်ပြိုင်တည်းတွင် မိုးပြဲဒယ် သုံး၊ လေးလုံးခန့် ကျိုချက်ပါသည်။ အရည်ပျစ်လာ၍ ထန်းလျက်သားကျသည့်အခါ မီးဖိုပေါ်မှချပြီး ယောင်းမကြီးနှင့်ကော်၍ ဝါးဖြင့် သုံးမြှောင့်ပုံ အတုံးချွန်ချွန်ပုံစံ ခုတ်ပေးရပါသည်။
တောင်ငူထန်းလျက်၏ ထူးခြားချက်မှာ အခြားဒေသ ထန်းလျက်များကဲ့သို့ အလုံးမဟုတ်ဘဲ သုံးမြှောင့်ပုံ အတုံးချွန်ချွန်လေးများ ဖြစ်ပါသည်။ တစ်ဒယ်လျှင် ထန်းလျက် ၁ ပိဿာခွဲခန့်ရကြောင်း သိရပါသည်။ ယခုအခါတွင် ထန်းလျက် ၁ ပိဿာ ကို ၁၄၀၀၀ ကျပ် ရောင်းချရပါသည်။ ထန်းရည်ကျိုစဉ်တွင် အုန်းသီးရောကျို၍ အုန်းထန်းလျက်အဖြစ်လည်းကောင်း၊ ဇီးသီးမှုန့်ရောကျို၍ ဇီးထန်းလျက်အဖြစ်လည်းကောင်း၊ နှမ်းများရောကျို၍ နှမ်းထန်းလျက်အဖြစ်လည်းကောင်း ထုတ်လုပ်ရောင်းချကြပါသည်။ အုန်းထန်းလျက်၊ ဇီးထန်းလျက်နှင့်နှမ်းထန်းလျက်များကို ၁ ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ပက်တန်းကျေးရွာမှ ထန်းလျက်ပြုလုပ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
Source: https://www.doca.gov.mm

Category: Local News